International News

အိန္ဒိယနိုင်ငံက ပြည်တွင်းဆီစျေးနှုန်းကို ထိန်းချုပ်နိုင်ရန် စားသုံးဆီတင်သွင်းမှုအပေါ် အခွန်နှုန်းထားလျော့ချကောက်ခံခြင်းအား ၂၀၂၃ ခုနှစ် မတ်လအထိ တိုးမြှင့်

Last Updated:

 

အိန္ဒိယနိုင်ငံ၊ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များကြီးကြပ်မှုဗဟိုအဖွဲ့ (The Central Board of Indirect Taxes and Customs-CBIC) သည်၂၀၂၂ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့ ရက်စွဲပါ Notification no. 46/ 2022-Custom ဖြင့် သတ်မှတ်စားသုံးဆီများအပေါ် လက်ရှိကောက်ခံလျက်ရှိသည့် သွင်းကုန်အခွန်နှုန်းထားလျော့ချကောက်ခံခြင်း(Concessional Import Duties) ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ထပ်မံ၍ (၆)လ သက်တမ်းတိုးမြှင့်သတ်မှတ်ခဲ့သည်။ ထိုသို့တိုးမြှင့်သတ်မှတ်ခြင်းသည် ပြည်တွင်းတွင် ဆီလုံလောက်စွာဖြန့်ဖြူးနိုင်ရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပါသည်။

ကမ္ဘာ့စားသုံးဆီဈေးနှုန်းများကျဆင်းမှုနှင့် သွင်းကုန်အခွန်နှုန်းထားလျော့ချကောက်ခံခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံတွင် စားသုံးဆီလက်လီရောင်းချဈေးနှုန်းများသိသာစွာကျဆင်းလာပါသည်။

စားအုန်းဆီကြမ်း၊ RBD Palmolein၊ RBD စားအုန်းဆီ၊ ပဲပိစပ်ဆီကြမ်း၊ သန့်စင်ပြီးပဲပိစပ်ဆီ၊ နေကြာဆီကြမ်းနှင့် သန့်စင်ပြီးနေကြာဆီတို့အပေါ် လက်ရှိကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းထားများအတိုင်း ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပြောင်းလဲမှုမရှိဘဲကောက်ခံသွားမည်ဖြစ်ပါသည်။ စားအုန်းဆီကြမ်း၊ ပဲပိစပ်ဆီကြမ်းနှင့် နေကြာဆီကြမ်း အမျိုးမျိုးအတွက် လက်ရှိသွင်းကုန်အခွန်နှုန်းထားသည် သုညဖြစ်ပါသည်။ သို့သော်လည်း စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုထပ်ဆောင်းအခွန် (Agri Cess) ၅ ရာခိုင်နှုန်းနှင့် လူမှုဖူလုံရေးအထူးထပ်ဆောင်းအခွန်(Social Welfare Cess) ၁၀ ရာခိုင်နှုန်းကို ထည့်သွင်းပြီးနောက် အဆိုပါစားသုံးဆီကြမ်းများအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားသည် ၅.၅ ရာခိုင်နှုန်းဖြစ်ပါသည်။

Palmolein နှင့် သန့်စင်ပြီး စားအုန်းဆီအမျိုးအမျိုး၏ အခြေခံအကောက်ခွန်နှုန်းထားမှာ ၁၂.၅ ရာခိုင်နှုန်းဖြစ်ပြီး လူမှုဖူလုံရေးအထူးထပ်ဆောင်းအခွန်မှာ ၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။ ထို့ကြောင့် သွင်းကုန်အခွန်ကောက်ခံမှုနှုန်းထားသည် စုစုပေါင်း ၁၃.၇၅ ရာခိုင်နှုန်းဖြစ်ပါသည်။ သန့်စင်ပြီး ပဲပိစပ်ဆီနှင့် နေကြာဆီအတွက် အခြေခံအကောက်ခွန်နှုန်းထားမှာ ၁၇.၅ ရာခိုင်နှုန်းဖြစ်ပြီး လူမှုဖူလုံရေးအထူးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကို ထည့်သွင်းတွက်ချက်ပါက အဆိုပါ စားသုံးဆီများအပေါ် သွင်းကုန်အခွန်ကောက်ခံမှုသည် ၁၉.၂၅ ရာခိုင်နှုန်းဖြစ်ပါသည်။

 

 

Source: pib.gov.in

(ခက်ခက်နွယ်ဖူး၊ MYANTRADE)

Category: International News